Navbar

အာရေးဘီးကား နှင့် ရိုဘာစတာ ကော်ဖီ

Blog Image

June 13, 2025

ကော်ဖီအကြောင်းကို ပြောဆိုကြသောအခါ အများအားဖြင့် ကော်ဖီမျိုးများစွာရှိသည့်အနက်မှ လူကြိုက်များတဲ့ အာရေးဘီးကား ကော်ဖီအကြောင်းကိုပိုမိုပြောဆိုလေ့ရှိကြပါတယ်။ အာရေးဘီးကား ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုက ကမ္ဘာတဝှမ်းမှာ ပမာအားဖြင့်လည်း ပိုမိုများပြားသလို စိုက်ပျိုးတဲ့ နိုင်ငံအရေအတွက်ကလည်း ပိုမိုများပြားပါတယ်။ သို့သော် ယနေ့ကမ္ဘာမှာ စိုက်ပျိုးထုတ်လုပ်နေကြတဲ့ ကော်ဖီမျိုးကွဲပေါင်း  ၁၃၀ ခန့်ရှိပါတယ်။ ဒီအထဲမှာ ရိုဘာစတာ ကော်ဖီလို့ ခေါ်တဲ့ Coffea canephora ကလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ ရိုဘာစတာလို့ ခေါ်ဆိုရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ သန်မာကြံ့ခိုင်ပြီးအားကောင်းမောင်းသန် အရည်အသွေးကို ထင်ဟပ်စေချင်လို့ (Robust) ဆိုတဲ့ စကားလုံးကိုသုံးပြီး အမည်ပေးထားတာပဲဖြစ်ပါတယ်။ ရိုဘာစတာ ကော်ဖီကို ၁၉ ရာစုနှောင်းပိုင်းမှာ အာဖရိကတိုက် အလယ်ပိုင်း ကွန်ဂိုနိုင်ငံတွင် စတင်တွေ့ရှိခဲ့တယ်လို့ ဆိုကြသလို ရိုဘာစတာ ကော်ဖီရဲ့ စီးပွားရေးအရ အရေးပါမှုကို ရှင်းရှင်းလင်းလင်း သိရှိခဲ့ကြတယ်လို့လဲ ဆိုကြပါတယ်။ မြေနိမ့်ဒေသတွေမှာ အသီးသီးနိုင်ခြင်း၊ ပြင်းထန်တဲ့အပူချိန်ကို ခံနိုင်ရည်ရှိခြင်းနှင့် ရောဒါပိုးမွှားဒဏ်တွေကို ခံနိုင်ရည်ရှိခြင်း ဆိုတဲ့အချက်တွေက ယနေ့အချိန်ထိ ရိုဘာစတာကော်ဖီရဲ့အားသာချက်တွေဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်ဖို့ ကုန်ကျစရိတ်လည်း ပိုမိုသက်သာစေတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့လိုအားသာချက်တွေရှိပေမယ့်လည်း သူ့ရဲ့ အရသာက အားနည်းချက်တစ်ခုဖြစ်နေဆဲပါပဲ။ (ဒီနေရာမှာ တစ်ချို့ငြင်းခုန်စရာ အချက်တစ်ချို့က ကောင်းကောင်းမွန်မွန် စိုက်ပျိုးထုတ်လုပ်ထားတဲ့ ရိုဘာစတာ ကော်ဖီရဲ့ အရသာက အရည်အသွေးညံ့ဖျင်းတဲ့ အာရေးဘီးကား ကော်ဖီထက် အရသာ ပိုမိုကောင်းမွန်တယ်ဆိုတဲ့ အချက်ပါပဲ၊ ဒီအချက်ကလဲမှန်ပါတယ်) သို့ပေမယ့်လည်း ဒီအချက်တစ်ခုတည်းနဲ့ ရိုဘာစတာကော်ဖီရဲ့ အရည်အသွေးက အာရေးဘီးကား ကော်ဖီထက် ပိုကောင်းပါတယ်လို့ ပြောလို့မရနိုင်ပါဘူး။ ထို့အပြင် ရိုဘာစတာ ကော်ဖီမှာလည်း အရည်အသွေး အမျိုးအစား အဆင့်အတန်းတွေ ကွဲပြားခြားနားမှုရှိပါတယ်။ ဆိုလိုတာက အရည်အသွေးကောင်း ရိုဘာစတာ ကော်ဖီဆိုတာလည်း ရှိသလို အီတလီရဲ့ Espresso coffee culture မှာလည်း မရှိမဖြစ်အရေးပါနေဆဲပါပဲ။ ထို့အတူ ကော်ဖီကို စက်ရုံမှတစ်ဆင့် အမြောက်အများထုတ်လုပ်တဲ့ ပျော်လွယ်ကော်ဖီ (instant coffee)  ထုတ်လုပ်မှုမှာလည်း ရိုဘာစတာဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပါပဲ။

ပျော်လွယ်ကော်ဖီ (instant coffee)  ထုတ်လုပ်မှုကဏ္ဍအတွက်မှာတော့ ကော်ဖီရဲ့ အနံ့အရသာထက် စျေးနှုန်းသက်သာမှုက ပိုမိုအရေးကြီးပါတယ်။ တစ်ကမ္ဘာလုံးရဲ့ အသင့်သုံးစားသောက်ကုန် (fast food)  ကဏ္ဍမှာ ရိုဘာစတာ ကော်ဖီက ပျော်လွယ်ကော်ဖီထုတ်လုပ်မှုရဲ့  ၄၀% လောက်ထိ နေရာယူထားပါတယ်။ ဒီရာခိုင်နှုန်းကလည်း ကမ္ဘာ့ကော်ဖီစျေး အတက်အကျ၊ ကမ္ဘာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အတက်အကျ နဲ့ အခြားစီးပွားရေးကဏ္ဍများအပေါ်တွင် မူတည်ပြီး အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်တစ်ခုက ကမ္ဘာ့ကော်ဖီကုမ္ပဏီ အချို့က အာရေးဘီးကား ကော်ဖီအစား စျေးသက်သာသော ရိုဘာစတာ ကော်ဖီကို အစားထိုးသုံးစွဲမှုများရှိခဲ့ရာ စားသုံးသူများမှ ဝယ်ယူသောက်သုံးမှု လျော့ကျလာခဲ့ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ယူဆချက်အချို့ကတော့ အနံ့အရသာပိုင်းတွင် အာရေးဘီးကား ကော်ဖီကဲ့သို့ ဆွဲဆောင်မှုမရှိခြင်း (သို့မဟုတ်) ကဖိန်း ပါဝင်မှုများခြင်းကြောင့်  စားသုံးသူများသည် နေ့စဥ်သောက်သုံးနေကျ ပမာဏထက် လျှော့ချသောက်သုံးလာခြင်းတို့ ဖြစ်နိုင်ပါတယ်။ 

ကော်ဖီ၏ မျိုးရိုးဗီဇ

ကော်ဖီကဏ္ဍတွက် အာရေးဘီးကား နှင့် ရိုဘာစတာ ကော်ဖီဟု ဆိုလိုက်လျှင် ဤကော်ဖီမျိုးနှစ်မျိုးကို မောင်နှစ်မ (သို့မဟုတ်) ညီအစ်ကို သဘောမျိုးယူဆလေ့ရှိခဲ့ကြပါတယ်။ သို့သော် သုတေသန ပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်အရ ရိုဘာစတာ ကော်ဖီသည် အာရေးဘီးကား ကော်ဖီ၏ မိဘနေရာတွင် ရှိပြီး အာရေးဘီးကား ကော်ဖီသည် သားသမီးအဖြစ်ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အာဖရိကတိုက်ရှိ ဆူဒန်နိုင်ငံတောင်ပိုင်းတွင် ရိုဘာစတာကော်ဖီမျိုးနှင့် ယူဂျီနွိုက် Coffea euginoides ကော်ဖီမျိုးတို့ ပေါင်းစပ်ပြီး အာရေးဘီးကား ဖြစ်လာခဲ့တယ်။ ဖြစ်လာတဲ့ မျိုးသစ် အာရေးဘီးကား ကော်ဖီက တစ်စထက်တစ်စ ပျံနှံ့လာပြီး ကော်ဖီစတင်တွေ့ရှိခဲ့တဲ့ အီသီယိုးပီးယားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ယနေ့အချိန်ထိ ကော်ဖီမျိုးပေါင်း ၁၂၉ မျိုးကို စီစစ်အတည်ပြုပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ သိရှိပြီးဖြစ်တဲ့ ကော်ဖီအပင်တွေ၊ ကော်ဖီအသီးတွေ၊ ကော်ဖီအဆံတွေနဲ့ သိသိသာသာ ကွဲပြားခြားနားမှုရှိတယ်လို့လဲ ဆိုပါတယ်။ မျိုးအများစုက မာဒါဂတ်စကာ ဒေသက မျိုးတွေဖြစ်သလို တစ်ချို့ကော်ဖီမျိုးဆိုရင်အာရှတိုက်တောင်ပိုင်း သြစတြေးလျတိုက်ထိ ရှိတယ်လို့ဆိုပါတယ်။ သို့သော် လက်ရှိအချိန်ထိ ကော်ဖီမျိုးသစ်တွေရဲ့ စီးပွားရေးအရ အရေးပါမှုကလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ရှိကော်ဖီမျိုးတွေမှာ မျိုးရိုးဗီဇ ကွဲပြားခြားနားမှု (Genetic variation) အားနည်းတဲ့အတွက် သုတေသန ပညာရှင်များကတော မျိုးသစ်တွေကို ပိုမိုစိတ်ဝင်စားမှုရှိကြတယ်။ 

ကမ္ဘာတစ်ဝှမ်း ကော်ဖီပျံ့နှံ့လာပုံကို လေ့လာကြည့်ရင် မိခင်မျိုးရင်းကနေ ပေါက်ဖွားပျံ့နှံ့လာတဲ့ကော်ဖီက ကမ္ဘာတစ်ဝှမ်းလုံးကို ဖြန့်ကျက်ရောက်ရှိနေတာ တွေ့ရပါမယ်။ သို့သော် သူတို့ရဲ့ မျိုးရိုးဗီဇ ကွဲပြားခြားနားမှု (Genetic variation) အနေနဲ့ဆိုရင်တော့ မရှိသလောက်ဖြစ်နေတဲ့အတွက် ကော်ဖီမျိုးတွေအတွက်  ကြီးမားတဲ့အန္တရာယ်လို့ ပြောလို့ရပါတယ်။ ဆိုလိုရင်းက ကော်ဖီမျိုးတစ်မျိုးကို ထိခိုက်ပျက်စီးစေတဲ့ ရောဂါ တစ်မျိုးမျိုး ကျရောက်ခဲ့ရင် ကော်ဖီမျိုးအားလုံးကို ထိခိုက်ပျက်စီးစေမှာဖြစ်ပါတယ်။

 

#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar

0 Likes
← Back to Blogs