June 12, 2025
မြန်မာနိုင်ငံအတွင်း စိုက်ပျိုးကြသော ကော်ဖီမျိုးများအနက် P 86, P 88, P 90 ကော်ဖီမျိုးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျှက်ရှိရာ ၎င်းမျိုးများ၏ သတင်းအချက်အလက်များကို အလွယ်တကူဖတ်ရှုနိုင်ရန် ဝေမျှလိုက်ပါသည်။
ကော်ဖီမျိုးအဖြစ် သတ်မှတ်ခေါ်ဆိုသော P ဆိုသည့် စကားလုံးမှာ Progeny ( မျိုးဆက်) အားရည်ညွှန်း၍ အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။
P 86, P 88, P 90 (၃) မျိုးလုံးကို ကိုလံဘီယာနိုင်ငံ ကော်ဖီသုတေသနဌာနမှ မျိုးစပ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဤ သုတေသနဌာန၏ ရေရှည်စီမံကိန်းဖြစ်သော သံချေးမှိုရောဂါ ခံနိုင်ရည်ရှိပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော ကော်ဖီမျိုးထုတ်လုပ်မှု သုတေသနလုပ်ငန်းစဥ်တွင် အဆိုပါ P ကော်ဖီမျိုးများသည် ကြားခံမျိုးဆက်များအဖြစ် ပါဝင်ခဲ့သည်။ မျိုးစပ်ခြင်းလုပ်ငန်းစဥ်တွင် ကနဦးမျိုးစပ်ခြင်း၊ ရရှိလာသော မျိုးဆက်များ၏ ရေရှည် စွမ်းဆောင်ရည်ကို သုတေသနပြုခြင်း၊ ကောင်းမွန်သော မျိုးဆက်များပြန်လည်ရွေးချယ်၍ ထပ်မံမျိုးစပ်ခြင်း၊ မျိုးကွဲပယ်ခြင်း၊ နောက်ဆုံးမျိုးကို ရွေးချယ်မျိုးစပ်အတည်ပြုခြင်းများ ပါဝင်ပါသည်။
အထက်ပါ ကော်ဖီမျိုး (၃) မျိုးလုံးသည် ကတ်တူရာ ကော်ဖီမျိုးနှင့် တီမောဟိုက်ဘရစ်ကော်ဖီမျိုးတို့ အကြား မျိုးစပ်၍ ရရှိလာခြင်းဖြစ်ပြီး ကတ်တီမိုး ကော်ဖီမျိုးနှင့် ဆင်တူသော အုပ်စုအဖြစ် သတ်မှတ်ထားသည်။ ထို့အတွက် ကတ်တီမိုး မျိုးကဲ့သို့ပင် အာရေးဘီးကားကော်ဖီ၏ နှစ်လိုဖွယ် အရသာနှင့် ရိုဘာစတာ ကော်ဖီ၏ ရောဂါဒဏ်ခံနိုင်သော မျိုးဗီဇများ ပါဝင်သည်။
p မျိုး (၃) မျိုးလုံးတွင် အများအားဖြင့်တူညီသော အခြေခံစရိုက်လက္ခဏာများပါရှိသည်။ တီမောဟိုက်ဘရစ်မျိုး ၏ သံချေးမှိုရောဂါဒဏ်ကို ခံနိုင်ရည်ရှိမှု၊ ကတ်တူရာ ကော်ဖီမျိုး ၏ အပင်ကျစ်ကျစ်လစ်လစ်ရှိမှု စသည့် စရိုက်လက္ခဏာမျာကို p မျိုး (၃) မျိုးလုံးတွင်တွေ့ရှိရသည်။ သို့ဖြစ်၍ စိုက်ပျိုးရာတွင် ထိန်းသိမ်းရလွယ်ကူခြင်းနှင့် တစ်ဧက ဝင်ဆန့်ပင်ရေ များပြားခြင်း စသည့် အားသာချက်များရှိသည်။ သင့်တော်သော ရေမြေရာသီဥတု အခြေနေတွင် ကော်ဖီအထွက်နှုန်းကောင်းပြီး ကော်ဖီ၏ အရသာမှာ ထူးခြားစွာကောင်းမွန်ခြင်းမရှိသော်လည်း အသင့်အတင့် ကောင်းမွန်မှုရှိပါသည်။ ထို့ကြောင့် ဤကော်ဖီမျိုးများကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှု မရှိကြဘဲ မျိုးစပ်ရာတွင် အသုံးပြုသော စပ်မျိုးများအဖြစ် စိုက်ပျိုးကြပါသည်။
အထက်ပါ မျိုး (၃) မျိုးကို ရွေးချယ်ခဲ့ရသည့် အခြေခံအကြောင်းအရင်းများမှာ P 86 မျိုးသည် ကျန်းမာသန်စွမ်းပြီး အထွက်နှုန်းကောင်းမွန်ခြင်း၊ P 88 မျိုးသည် ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်းနှင့် စိုက်ခင်းအတွင်း ခံနိုင်ရည်ရှိခြင်း၊ P 90 မျိုးသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်း စသည့်အချက်တို့ဖြစ်ကြသည်။ အဆိုပါ မျိုး (၃) မျိုးသည် ကိုလံဘီယာနိုင်ငံ ကော်ဖီသုတေသနဌာနမှ ထုတ်လုပ်လိုက်သော နာမည်ကြီးကော်ဖီမျိုးတစ်မျိုးဖြစ်သည့် ကတ်စတီလို (Castillo) မျိုး ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သော ကြားခံကော်ဖီမျိုးများ ဖြစ်ခဲ့ပါသည်။
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar