June 12, 2025
လိုက်ဘေးရီးကား ကော်ဖီမျိုး (Liberica coffee) သည် ကော်ဖီမျိုးရင်းဝင်ဖြစ်ပြီး ကော်ဖီမျိုးစုများထဲတွင် အရေးကြီးသော ကော်ဖီမျိုးစိတ်တစ်ခုဖြစ်သည်။ သိပ္ပံအမည်မှာ Coffeea liberica ဖြစ်ပြီး မူရင်းဒေသမှာ အာဖရိကတိုက် အနောက်ပိုင်း လိုက်ဘေးရီးယား၊ ဂါနာ နှင့် ဆီရာလီယွန် နိုင်ငံတို့ဖြစ်ကြသည်။ ထိုမှတစ်ဆင့် အာဖရိက အလယ်ပိုင်း ၊ တောင်အမေရိက၊ ကယ်ရီဘီယန် ဒေသရှိနိုင်ငံများ၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ အာဖရိကအနောက်ပိုင်းတွင် တွေ့ရှိခဲ့ရသော လိုက်ဘေးရီးကားကော်ဖီသည် ၁၉ ရာစုနှောင်းပိုင်းတွင် သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံများဆီသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ အကြောင်းမှာ ၁၈၇၀ မှ ၁၉၂၀ ခုနှစ်အတွင်း အထက်ပါနိုင်ငံများရှိ အာရေးဘီးကား ကော်ဖီစိုက်ခင်းများတွင် ကော်ဖီသံချေးမှို ကျရောက်မှု ပြင်းထန်၍ ကော်ဖီစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ကော်ဖီသံချေးမှို ရောဒါဒဏ်ခံနိုင်ရည်ရှိသော လိုက်ဘေးရီးကားကော်ဖီကို အစားထိုးစိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် လိုက်ဘေးရီးကားကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုပမာဏသည် အာရေးဘီးကားကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုပမာဏနှင့် နှစ်ပေါင်း ၃၀ ခန့် တန်းတူနီးပါး ယှဥ်ပြိုင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် လိုက်ဘေးရီးကားကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာခဲ့ပြီး ကမ္ဘာ့ကော်ဖီ ထုတ်လုပ်ရောင်းဝယ်မှု၏ ၂% ခန့်ထိ လျော့ကျသွားခဲ့သည်။ သို့သော် ယနေ့အချိန်တွင် လိုက်ဘေးရီးကားကော်ဖီ ၏ အနံ့အရသာများအပေါ် ပိုမိုနားလည်သဘောပေါက်လာပြီး ယင်းကော်ဖီ၏ အလားအလာအပေါ် အကောင်းမြင်မှုများ ပို၍ တိုးလာခဲ့သည်။
လိုက်ဘေးရီးကားကော်ဖီသည် ပူနွေးစိုစွတ်သော မြေနိမ့်ဒေသများတွင် ကောင်းမွန်စွာရှင်သန်ဖြစ်ထွန်းနိုင်သည်။ အများအားဖြင့် ပင်လယ်ရေမျက်နာပြင်မှ မီတာ ၆၀၀ အမြင့်ထိ (၁၉၆၈ ပေ) အထိ မြင့်သော၊ ပူနွေးစိုစွတ်သော ဒေသများတွင် ကောင်းမွန်စွာဖြစ်ထွန်းသည်။ လိုက်ဘေးရီးကားကော်ဖီသည် မျိုးဗီဇအရပင် ကျန်းမာသန်စွမ်းပြီး အမြင့် ၅ မီတာမှ ၂၀ မီတာ (၁၆ ပေ မှ ၆၅ ပေ ) ထိ မြင့်မား နိုင်သည်။ အခြားကော်ဖီ နှစ်မျိုးဖြစ်သော အာရေးဘီးကားနှင့် ရိုဘာစတာ တို့နှင့် နှိုင်းယှဥ်လျှင် အရွက်မှာ ပို၍ထူပြီး၊ အသီးလည်း ပိုကြီးသည်။ ထို့ကြောင့် လိုက်ဘေးရီးကားကော်ဖီ စိုက်ပျိုးမည် ဆိုလျှင် အခြားမျိုးများထက် ပင်ကြား နှင့် တန်းကြားအကွာအဝေးတို့ ပိုမိုလိုအပ်မည်ဖြစ်ပြီး နှစ်စဥ်အချိန်မှန် ကိုင်းဖြတ်ပုံသွင်းခြင်းလုပ်ငန်းမှာလည်း မရှိမဖြစ် အရေးကြီးသည်။ အပင်၏ အမြင့်ပေါ်လိုက်၍ ခူးဆွတ်ချိန်တွင် လှေကားအသုံးပြုလေ့ရှိကြသည်။
လိုက်ဘေးရီးကားကော်ဖီ၏ သန်မာထွားကျိုင်းမှုနှင့် ကျန်းမာသန်စွမ်းမှုတို့သည် ရိုဘာစတာကဲ့သို့ဖြစ်သော်လည်း အပင်အမြစ်ဖွဲ့စည်းပုံတွင် ရိုဘာစတာပင်၏ အမြစ်မှာ မြေ၏ အပေါ်ယံပိုင်းတွင် များသည်။ သို့ဖြစ်၍ ရိုဘာစတာ ကော်ဖီမှာ ပြင်းထန်သော ရာသီဥတုနှင့် မြေဆောင်ရောဂါများကို (အောက်ခံမြေရှိ ရောဂါများ) ကိုခံနိုင်ရည် မရှိပါ။ လိုက်ဘေးရီးကားကော်ဖီပင်၏ အမြစ်သည် မြေအနက်သို့ ပို၍ဆင်းသဖြင့် ရာသီဥတုဒဏ်၊ မြေဆောင်ရောဂါများကို ပိုမိုခံနိုင်ရည်ရှိပြီး အတော်အသင့် ညံ့သော မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ ထို့အတူ ပိုးမွှားရောဂါ ဒဏ်တို့ကိုလည်း ပိုမိုခံနိုင်ရည်ရှိသည်။
လိုက်ဘေးရီးကားကော်ဖီသည် အသီးထွက်နှုန်းကောင်းသော်လည်း ကော်ဖီသီးမှည့် မှ ကော်ဖီအဆံသို့ ပြောင်းလဲမှုအချိုးသည် အလွန်မြင့်မားသည်။ ဆိုလိုသည်မှာ အကြမ်းအားဖြင့် အာရေးဘီးကားကော်ဖီ အဆံ ၁ ကီလို ရရန် ကော်ဖီသီးမှည့် ၆ ကီလို ထုတ်လုပ်ရန်လိုအပ်သော်လည်း လိုက်ဘေးရီးကားကော်ဖီ အဆံ ၁ ကီလို ရရန် ကော်ဖီသီးမှည့် ၁၀.၅ ကီလို လိုအပ်သည်။ ဤအချက်ကြောင့် လိုက်ဘေးရီးကားကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ပိုမိုမြင့်မားသည်။
ထို့အပြင် ကော်ဖီခူးဆွတ်ထုတ်လုပ်ရာတွင် လိုက်ဘေးရီးကားကော်ဖီ၏ အသီးခွံမှာ ပို၍ထူသဖြင့် အခွံချွတ် ထုတ်လုပ်ရာတွင် ပိုမိုဂရုစိုက်ရန်လိုအပ်သည်။ အသီး၏ အချိုဓါတ်ပါဝင်မှုမှာလည်း ပိုမိုမြင့်မားသဖြင့် အသီးအချဥ်ပေါက်ခြင်းကိုလည်း ပိုမိုအားပေးသည်။ သို့ဖြစ်၍ အချဥ်ပေါက်လွန်ကဲခြင်း (သို့မဟုတ်)အချဥ်ပေါက် လိုအပ်ခြင်း များရှောင်ရှားနိုင်ရန် ပိုမိုဂရုစိုက်ထုတ်လုပ်ရမည် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် လိုက်ဘေးရီးကားကော်ဖီတွင် ပါဝင်သော အချိုဓါတ်သည် အာရေးဘီးကားနှင့် ရိုဘာစတာ နှစ်မျိုးလုံးထက် ပို၍မြင့်မားသည်။ ထို့ကြောင့် နည်းစနစ်မှန်ကန်စွာ ထုတ်လုပ်နိုင်ပါက လိုက်ဘေးရီးကားကော်ဖီသည် အကောင်းမွန်ဆုံး (အချိုမြိန်ဆုံး) အရသာပေးစွမ်းနိုင်သည့် ကော်ဖီအမျိုးအစားဖြစ်ပါသည်။ သို့ရာတွင် လိုက်ဘေးရီးကားကော်ဖီကို နည်းစနစ်မှန်ကန်စွာ ထုတ်လုပ်နိုင်ရန်လုပ်ငန်းစဥ်သည် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပြန်ပါသည်။
#coffeehorizon #coffeeconsulting #myanmarspecialty #myanmarcoffee #coffee #consulting #myanmar